ဥက္ကဋ္ဌမှ အမှာစကား

Better Service, Smoother Journeys

လေးစားတန်ဖိုးထားရပါသော ခရီးသွားမိဘပြည်သူများအားလုံး မင်္ဂလာအပေါင်းနှင့်ခညောင်းပြည့်စုံပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်...

၂ဝဝ၇ ခုနှစ် အောက်တိုဘာ (၇)ရက်နေ့မှ စတင်ခဲ့သော အဝေးပြေးခရီးသည် ပို့ဆောင်ရေးလုပ်ငန်းသည် ၂ဝ၂၅ ခုနှစ် ဩဂုတ်လ (၇)ရက်နေ့တွင် ၁၈နှစ် နီးပါးပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်...

မန္တလာမင်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၏ ဆောင်ပုဒ်ဖြစ်သော 'ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု၊ ပိုမိုအဆင်ပြေသော ခရီးစဉ်များဖြင့်' ဆိုတဲ့ မူအတိုင်း VIP ခရီးစဉ်ဖြင့်လိုက်ပါမည့် မိဘပြည်သူများအတွက် သီးသန့်နားနေခန်းနှင့် VIP ဝန်ဆောင်မှုများကို ရန်ကုန်မြို့တွင် (3.9.2017) နေ့မှစတင်ကာဝန်ဆောင်မှုပေးခဲ့ပြီး ဖြစ်ပါတယ်။ 

ခရီးသွားမိဘပြည်သူများ၏ တစ်ခဲနက်ယုံကြည်အားပေးမှုများကြောင့် ကျွန်မတို့ရဲ့ မန္တလာမင်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွင် နှစ်စဉ် ခရီးစဉ်များတိုးချဲ့ခြင်း၊ မော်တော်ယာဉ်အသစ်များ ဝယ်ယူအားဖြည့်ခြင်း၊ ယာဉ်မှူး၊ ယာဉ်မယ်၊ ဝန်ထမ်းများအား သက်ဆိုင်ရာကျွမ်းကျင် သင်တန်းများ ဖွင့်လှစ်ပေးခြင်း အစရှိသော လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာခဲ့နိုင်ပါသည်။ 

ယခုကဲ့သို့ တိုးချဲ့လုပ်ကိုင်လာနိုင်ခြင်းများအပေါ် အစဉ်တစိုက်ကြိုးစားမှုများဖြင့် ထပ်လောင်းအားဖြည့်ခဲ့ရာ ရန်ကုန်-မန္တလေး-ပြင်ဦးလွင် ခရီးစဉ်ဖြင့် စတင်ခဲ့သော လုပ်ငန်းလေးမှသည် မြို့ပေါင်း(၁၉)မြို့အား ခရီးစဉ်ပေါင်း (၂၇)ခု၊ ယာဉ်စီးရေ (၁၆ဝ)ခန့်ဖြင့် နေ့စဉ် ခရီးသွား (၄ဝဝဝ)ကျော်ခန့်အား လိုရာခရီးပို့ဆောင်ပေးနိုင်သော လုပ်ငန်းကြီးအဖြစ် ဂုဏ်ယူစွာရပ်တည်နိုင်ခဲ့ပါပြီ။

ဒါ့အပြင် မြန်မာ့ပထမဦးဆုံး EV Bus Express ကြီးများဖြင့် ဝန်ဆောင်မှုပေးနိုင်သော ယာဉ်လိုင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ယခုကဲ့သို့ ခရီးသွားမိဘပြည်သူများ၏ ယုံကြည်အားပေးမှုများကြောင့် နှစ်စဉ်နှစ်တိုင်းမှာလည်း ကျပ်သိန်းပေါင်းများစွာ လှူဒါန်းမှုများပြုလုပ်နိုင်ခဲ့သလို မြန်မာနိုင်ငံအတွက် ပြည်သူအကျိုးပြုလုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ‌အပေါ် ကျေးဇူးတုံ့ပြန်နိုင်ရန်အတွက် မန္တလာမင်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းအနေဖြင့် အစဉ်အမြဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားပါရစေ။

မြန်မာနိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အောင်မြင်စွာရပ်တည်နိုင်ရန်အတွက် ခရီးစဉ်များအား ယုံကြည်စွာအားပေးစီးနင်းကြသော ခရီးသွား ရဟန်းရှင်လူမိဘ၊ပြည်သူများ၊ လက်တွဲပံ့ပိုးပေးကြသော လုပ်ငန်းရှင်ကြီးများ၊ အဆင့်မြင့်ကားသစ်ကြီးများဖြင့် ၂၄နာရီ၊ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးသောလုပ်ငန်းဖြစ်ရန် အလှည့်ကျတာဝန်ကျေပွန်ကြသော သစ္စာရှိဝန်ထမ်းများ၊ ယာဉ်မှူး၊ ယာဉ်မယ်/မောင်များ၊ ကားပိုင်ရှင်များအား လှိုက်လှဲစွာကျေးဇူးတင်ကြောင်း ပြောကြားရင်း ဆက်လက်ပြီးတော့လည်း ခရီးသွားမိဘပြည်သူများ  ဂုဏ်ယူစွာယုံကြည်အားပေးနိုင်သော ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းအဖြစ် အစဉ်တစိုက်ကြိုးစားနေမည်ဟု ကတိပြုရင်းဖြင့်....

ခရီးသွားမိဘပြည်သူများ "ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ"

ခင်မင်လေးစားလျက်

ဒေါ်လဲ့လဲ့အေး (ဥက္ကဌ)
မန္တလာမင်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး